Thu, 2015-01-08 17:52

ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြင်သစ် အီလိုက်ဆီ နန်းတော်တွင် အလံတစ်ဝက်လွှင့်ထူထားစဉ်
Charlie Hebdo သရော်စာ မဂ္ဂဇင်းတိုက်ကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ကာ လူ(၁၂)ဦးကို ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အပြီး နောက်တစ်နေ့ (ဇန်န၀ါရီ ၈ ရက်) တွင် ပဲရစ်ရှိ အမျိုးသမီး ရဲအရာရှိတစ်ဦး ပစ်သတ်ခံရခြင်း ဖြစ်သည်။
ပဲရစ်တောင်ပိုင်း မွန်ထရော့ဂ်ျတွင် ဖြစ်ပွားသော ပစ်ခတ်မှု၌ အဆိုပါ ရဲအရာရှိ အမျိုးသမီး သေဆုံးပြီး နောက်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမားမှာမူ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
ယခုဖြစ်ရပ်သည် Charlie Hebdo မဂ္ဂဇင်းတိုက် ကိစ္စနှင့် ပတ်သက် ဆက်နွှယ်မှု ရှိ၊ မရှိ ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ သို့သော်လည်း နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းက ပဲရစ်မြို့တော်သာ မကဘဲ ပြင်သစ် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။
လတ်တလောတွင် Charlie Hebdo မဂ္ဂဇင်းတိုက် ပစ်ခတ်မှုနှင့် ပတ်သက်၍ အဓိက သံသယရှိသူ ညီအစ်ကို နှစ်ဦးကို ပဲရစ် ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေနေပြီး ကျန်တစ်ဦးမှာမူ ၎င်းကိုယ်တိုင် လာရောက် အဖမ်းခံထားသည်။ ပြင်သစ် ရဲများသည် အဆိုပါ ရှာဖွေမှုအတွင်း မသင်္ကာသူ (၇)ဦးကိုလည်း ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
Charlie Hebdo ဖြစ်ရပ်နှင့် စပ်လျှဉ်းပြီး ပဲရစ်တွင် အစ္စလာမ် ဘာသာရေး အဆောက်အအုံ အချို့ကို တိုက်ခိုက်မှုများ ရှိခဲ့ပြီး ဝတ်ပြုဆုတောင်းသည့် နေရာနှစ်ခု မီးရှို့ခံရသလို ဗလီတစ်လုံးအတွင်းသို့ လက်လုပ်ဗုံးအချို့ ပစ်သွင်းခံရသော်လည်း ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ (သတင်းရင်း 7Day Daily)
No comments:
Post a Comment